bih.button.backtotop.text

ကိုယ်ဝန်ရရန် အခြားအခွင့်အလမ်းတစ်ခု

ապրիլի 26, 2018


iui-474x350-(1).jpg

IUI ခေါ် သားအိမ်အတွင်း သုတ်ပိုးထည့်ပေးခြင်းဟု လူသိများသည့် အကူအညီဖြင့် မျိုးပွားခြင်းနည်းပညာ (ART) ကြောင့် ကမ္ဘာတစ်ဝန်းရှိ ကလေးမရနိုင်သော အိမ်ထောင်ရှင်များအတွက် မိဘဖြစ်လာရန်မျှော်လင့်ချက်ကို စွန့်လွှတ်စရာမလိုတော့ပေ။


သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်း (IUI) ဆိုသည်မှာ ဖိုမဆက်ဆံခြင်းမပြုပဲ သန္ဓေတည်စေရန် သန္ဓေသားဆိုင်ရာအထူးကုမှ ဆေးခန်းတွင် အမျိုးသမီးသားအိမ်တွင်းသို့ သုတ်ပိုးအားချင့်ချိန်ထည့်ပေးခြင်းဖြစ်သည်။ အကူအညီဖြင့် မျိုးပွားခြင်းနည်းပညာကို ရွေးချယ်သည့် အိမ်ထောင်ရှင်များအတွက် IUI သည် ပထမရွေးချယ်သည့်နည်းဖြစ်ပြီး IVF ဟုခေါ်သော သားအိမ်ပြင်ပတွင်မျိုးစပ်သည့် ဖန်ပြွှန်သန္ဓေသားနည်းသည် ဒုတိယရွေးချယ်ရန်ဖြစ်သည်။


IUI နည်းပညာ၏ရည်ရွယ်ချက်မှာ သားဥပြွန်သို့ရောက်မည့် သုတ်ပိုးအရေအတွက်ကို များအောင်ပြုလုပ်ခြင်းဖြစ်ပြီး သို့မှသာ မျိုးစပ်နိုင်မည့်အခွင့်အလမ်းပိုများလာမည်ဖြစ်သည်။ ဤနည်းသည် နည်းပညာအကူအညီသုံးသည်ဆိုသော်လည်း သုတ်ပိုးမှာ မိမိကိုယ်တိုင် အမမျိုးဥဆီသို့ရောက်အောင်သွားရမည်ဖြစ်ပြီး သူ့အလိုလို သဘာဝအတိုင်းမျိုးစပ်ရပါမည်။


အိမ်ထောင်ရှင်များအတွက် IUI ပြုလုပ်ရခြင်းအကြောင်းများ

IUI ကိုရွေးချယ်ကြရသည့်အကြောင်းများမှာ သုတ်ပိုးအရေအတွက်နည်းခြင်း သို့မဟုတ် မျိုးဥနှင့်တွေ့သည်အထိ သုတ်ပိုး၏လှုပ်ရှားသွားလာနိုင်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်။ အခြားအကြောင်းများမှာ အကြောင်းရှာမရသော မျိုးမအောင်ခြင်း၊ သုတ်လွှတ်ရာတွင် မူမမှန်ခြင်း၊ ခွဲစိတ်မှုရလဒ်မကောင်းသဖြင့် သားအိမ်ခေါင်းရှိအမာရွတ်သည် သုတ်ပိုးအား သားအိမ်တွင်းမဝင်နိုင်အောင် ပိတ်နေခြင်း၊ သားအိမ်ခေါင်းရှိအကျိအချွဲများထူထပ်ပြီး အမျိုးသားသုတ်ပိုးအား အထဲမဝင်နိုင်အောင် တားဆီးနေခြင်းတို့ ဖြစ်သည်။


ပြုလုပ်ပုံ

IUI မလုပ်မီ သန္ဓေအောင်စေသည့်ဆေးများအား မျိုးဥလှုံ့ဆော်ရန် ပေးရပါမည်။ မျိုးဥအိမ်ကိုလည်း ဆရာဝန်မှစောင့်ကြည့်ရန်လိုအပ်ပါသည်။ သို့မှသာ သုတ်ပိုးထည့်ပြီး မျိုးစပ်ရန်အတွက် မည်သည့်အချိန်တွင် မျိုးဥများအဆင်သင့်ဖြစ်နေမည်ကို သိရှိပါမည်။


သုတ်ပိုးထည့်ခြင်းအား မျိုးဥကြွေချိန်တွင် ပြုလုပ်ရပါသည်။ အချိန်ကိုက်ဖြစ်ရန် မျိုးဥကြွေခြင်းလှုံ့ဆော်ဆေးများလည်း ပေးနိုင်ပါသည်။ ယေဘုယျအားဖြင့် မျိုးဥကြွေခြင်းသည် LH ဟုခေါ်သော မျိုးဥကြွေခြင်းကိုဖြစ်စေသည့် ဟော်မုန်းပမာဏမြင့်တက်ပြီး ၂-၃ ရက် (၂၄-၃၆ နာရီ) အတွင်း ဖြစ်ပေါ်သည်။ အဆိုပါဟော်မုန်းမြင့်တက်မှုကို Ovulation Test ဖြင့်စစ်ဆေးသိရှိနိုင်သည်။ LH ဟော်မုန်းမြင့်တက်နေခြင်းက မျိုးဥကြွေခြင်းစတော့မည်ကို သိစေသည်။ သုတ်ပိုးထည့်သွင်းရန်အတွက် မထည့်ခင် သုတ်ရည်ကြည်မှနေပြီး သုတ်ပိုးများအား ခွဲထားရန်လိုသည်။


ပြုလုပ်ပုံမှာ ဆရာဝန်သည် သေးငယ်သောပြွန်လေးဖြင့် သားအိမ်ခေါင်းမှတဆင့် သားအိမ်အတွင်းသို့ သုတ်ပိုးအား တိုက်ရိုက်ထည့်သွင်းသည်။ ဤသို့ပြုလုပ်ခြင်းသည် မိနစ်အနည်းငယ်သာကြာသည်။ ပြုလုပ်ပြီးနောက် ကိုယ်ဝန်ရှိခြင်း၏ အစောပိုင်းလက္ခဏာများကို စောင့်ကြည့်ရုံသာဖြစ်သည်။ သုတ်ပိုးထည့်ပြီးနောက် ဆရာဝန်သည် ပရိုဂျက်စတီရုန်းဟော်မုန်းဆေး ပေးနိုင်ပါသည်။ ၎င်းက သားအိမ်နံရံ၏မျိုးဥတွပ်ကပ်မှု လက်ခံနိုင်စွမ်းကို ကောင်းစေကာ မျိုးစပ်ပြီးသောဥများ သားအိမ်နံရံအတွင်းဝင်ရောက်ရန်လည်း အားပေးသည်။ IUI ပြုလုပ်ပြီး ၁ ပတ်၊ ၂ ပတ်ကြာပြီးနောက် ဆရာဝန်မှ ကိုယ်ဝန်ရှိမရှိ သွေးစစ်ပါမည်။


ခြုံပြောရမည်ဆိုပါက ဤလုပ်ဆောင်ချက်သည် သုတ်ပိုးထည့်ချိန်တွင် ပိုးဝင်နိုင်မှုအနည်းငယ်ရှိသည်မှအပ အန္တရာယ်ကင်းသော လုပ်ဆောင်မှုဖြစ်ပါသည်။ သင့်ဆရာဝန်နှင့်အဖွဲ့သည် အရာအားလုံး ဘေးကင်းစွာနှင့် ချောချောမောမောပြီးမြောက်စေရန် အကောင်းဆုံးလုပ်ဆောင်မည်ကို သင့်ယုံကြည်နိုင်ပါသည်။


IUI အောင်မြင်မှုနှုန်း

မျှော်လင့်ချက်များအတွက် ပြင်ဆင်ရန် IUI ၏ အောင်မြင်မှုနှုန်းနှင့် အကန့်အသတ်များကို သိရှိနားလည်ထားရန် အရေးကြီးပါသည်။


IUI အောင်မြင်မှုသည် သန္ဓေမတည်ရခြင်းအကြောင်းရင်းနှင့် အမျိုးသမီး၏အသက်အရွယ်စသော များစွာသည့် အချက်အလက်များပေါ်တွင်မူတည်ပါသည်။ ဆရာဝန်မှ အိမ်ထောင်ရှင်နှစ်ဦး၏ သန္ဓေမတည်ရခြင်းအကြောင်းရင်းကို စစ်ဆေးပြီးမှသာ အောင်မြင်မှုနှုန်းကို ဆုံးဖြတ်ပေးနိုင်ပါမည်။


ယေဘုယျအားဖြင့် IUI တစ်ခါပြုလုပ်ပြီး ကိုယ်ဝန်ရနိုင်သည့်အခွင့်အလမ်းရာခိုင်နှုန်းသည် အသက်အရွယ်ပေါ်မူတည်ကွာခြားပါသည်။ ၃၅ နှစ်အောက်အမျိုးသမီးများအတွက် ကိုယ်ဝန်ရနိုင်သည့်နှုန်း ၃၀%၊ ၃၅ မှ ၃၉ နှစ်အတွင်း အမျိုးသမီးများအတွက် ၁၅% နှင့် အသက် ၄၀ ကျော်များအတွက် ၅% သာရှိပါသည်။ သိရှိထားရန် အရေးကြီးသောအချက်တစ်ခုမှာ အသက်အရွယ်ကြီးရင့်မှုသည် ကိုယ်ဝန်ရနှုန်းနည်းသည့်အပြင် သားလျှောနိုင်သည့်အခြေအနေလည်း ပိုများပါသည်။ အောင်မြင်မှုနည်းသောကြောင့် အသက် ၄၀ ကျော်သောအမျိုးသမီးများအား ပုံမှန်အားဖြင့် IUI လုပ်ရန် ဆရာဝန်များမှ အကြံပေးလေ့မရှိပါ။


IUI သည် ပထမအကြိမ်တွင် မအောင်မြင်ပါက ဒုတိယ၊ တတိယအကြိမ်အတွက် စဉ်းစားနိုင်သည်။ သို့သော် ဆရာဝန်များသည် သုံးကြိမ်ထက်ပိုပြီးလုပ်ရန် အကြံပေးလေ့မရှိပါ။ အောင်မြင်မှုနှုန်းမှာ ၅% ခန့်သာရှိပြီး အလွန်နည်းသောကြောင့် ဖြစ်ပါသည်။ သုံးခါကြိုးစားပြီးမအောင်မြင်လျှင် အများစုက IVF ခေါ်သော ဖန်ပြွန်သန္ဓေသားကို စဉ်းစားကြပါသည်။ ကံကောင်းသည်မှာ IVF ၏အောင်မြင်မှုနှုန်းသည် IUI ထက်များပါသည်။ ထို့ကြောင့် IUI နှင့်မရသောသူများအတွက် မျှော်လင့်ချက်ရှိနေပါသေးသည်။


သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

သင်နှင့် သင့်အိမ်ထောင်ဖက်သည် IUI လုပ်ရန်စဉ်စားသည်ဆိုပါက သင့်တို့အတွက် သင့်တော်၊ မသင့်တော်ကို သန္ဓေသားဆိုင်ရာအထူးကုနှင့်တိုင်ပင်ပါ။ ဆွေးနွေးခြင်းအပြင် သင့်ဆရာဝန်မှ သင်တို့သည် IUI အတွက် အဆင်သင့်ဖြစ်မဖြစ်ကို စမ်းသပ်စစ်ဆေးမှုများ နှံ့နှံ့စပ်စပ်ပြုလုပ်ပါမည်။


Dr Phattaraphum Phopong မျိုးပွားဆေးပညာအထူးကု၊ အမျိုးသမီးရောဂါကုဌာန၊ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရေးသားသည်။

 

IMG
IMG
IMG
IMG
    Scroll for more