bih.button.backtotop.text

ဝှေးစေ့ကင်ဆာနှင့်ပတ်သက်ပြီး အမျိုးသားများ သိသင့်သည့်အရာများ

ապրիլի 26, 2018


ဝှေးစေ့ကင်ဆာနှင့်ပတ်သက်ပြီး အမျိုးသားအားလုံး သိထားသင့်သောအရာများ

ဝှေးစေ့ကင်ဆာသည် တစ်ကမ္ဘာလုံးအနေဖြင့် အမျိုးသားကင်ဆာများအနက် ၁% ဖြစ်လေ့ရှိသည်။ အဖြစ်နည်းသည်ဟုထင်ရသော်လည်း ရောဂါ၏ပြင်းထန်မှုကိုတော့ လျှော့တွက်မရပါ။ အမျိုးသားကျန်းမာရေးဌာန (NIH) အရ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းတွင်ပင် ဝှေးစေ့ကင်ဆာလူနာသစ်ပေါင်း ၉၃၀ဝ ခန့်ရှိလာမည်ဟု ခန့်မှန်းသည်။ အဆိုပါ ၉၃၀ဝ ထဲမှ ၄၀ဝ ခန့်အသက်ဆုံးရှုံးရမည်။ ထို့ကြောင့် အမျိုးသားများအားလုံး ဤရောဂါ၏ လက္ခဏာများနှင့် ကုသမှုနည်းလမ်းများကို သိရှိထားရန် အရေးကြီးပါသည်။


ကိုယ်တိုင်ပြုလုပ်နိုင်သော မြန်ဆန်လွယ်ကူသည့် စစ်ဆေးမှုသည် ဝှေးစေ့ကင်ဆာကို အစောပိုင်းတွင် သိစေနိုင်သည်။

မြန်ဆန်လွယ်ကူသည့် မိမိကိုယ်တိုင်စစ်ဆေးခြင်းသည် မသင်္ကာဖွယ်တစ်ခုခုဖြစ်နေ၊ မဖြစ်နေကိုသိနိုင်သော အရိုးရှင်းဆုံးနည်းတစ်ခုဖြစ်သည်။ ရေချိုးစဉ်စစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကြောင်းမှာ နွေးသောရေသည် ဝှေးစေ့များကို အောက်သို့တွဲကျစေပြီး ထိုနေရာတွင် ပုံမှန်မဟုတ်သည်များရှိပါက အလွယ်တကူမြင်စေနိုင်သည်။ 

ပထမဆုံး ကပ်ပယ်အိတ်ရောင်ရမ်းခြင်း သို့မဟုတ် အထဲတွင်ရေစုနေခြင်းရှိမရှိ စစ်ဆေးပါ။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဝှေးစေ့များကို လက်မနှင့်လက်ညှိုးကြားမြဲမြဲနှင့် အသာအယာကိုင်လှိမ့်ပွတ်ပြီး မျက်နှာပြင်နှင့် အပျော့အမာအနေအထားပုံမှန်ဟုတ်မဟုတ် စစ်ဆေးပါ။ 

နောက်ဆုံးတွင် ဝှေးစေ့များ၏ အပေါ်နှင့်နောက်ဘက်ရှိ ပျော့သောတစ်ရှုးတစ်မျိုးအား မိအောင်စမ်းပါ။ စမ်းမိသောအခါ ပုံမှန်ဟုတ်မဟုတ်စစ်ဆေးပါ။ ယခုစစ်ဆေးခြင်းအား ပထမဆုံးပြုလုပ်ခြင်းဖြစ်ပါက ပုံမှန်၊ ပုံမမှန်ကို သိနိုင်မည်မဟုတ်ပါ။ စစ်ဆေးခြင်းအား တစ်လလျှင် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် ပုံမှန်ပြုလုပ်ပေးပါက ထိုနေရာနှင့်သင်ပိုမိုကျွမ်းဝင်လာပြီး တစ်ခုခုပုံမမှန်ခြင်းဖြစ်နေပါက သင်ပြောနိုင်လာမည်။ 

စမ်းသပ်နေစဉ် နာကျင်ခြင်း၊ ပုံမှန်မဟုတ်သောခံစားမှု သို့မဟုတ် မသင်္ကာစရာတစ်ခုခုတွေ့ရှိပါက ဆရာဝန်နှင့်ချက်ခြင်းတိုင်ပင်ရန် အရေးကြီးပါသည်။ 

ဝှေးစေ့တစ်ခုသည် အခြားတစ်ခုထက်ကြီးနေသည်မှာ ပုံမှန်ဖြစ်ကြောင်း သတိပြုပါ။ ဝှေးစေ့တစ်ခုသည် အခြားတစ်ခုနှင့်ယှဉ်လျှင် အောက်သို့ပိုတွဲနေသည်မှာလည်း ဖြစ်တတ်ပါသည်။ 

ဝှေးစေ့ကင်ဆာတွင် ပြလေ့ရှိသော လက္ခဏာများ

ဝှေးစေ့ကင်ဆာ လက္ခဏာများမှာ မတူညီကြပဲ တစ်ခါတစ်ရံတွင် အခြားသောရောဂါတစ်ခု၏ လက္ခဏာကဲ့သို့ ဖြစ်နေတတ်သည်။ ဝှေးစေ့ကင်ဆာ၏ ပထမဆုံးနှင့် အသိသာဆုံးလက္ခဏာမှာ ပိုကြီးလာသောဝှေးစေ့ သို့မဟုတ် ဝှေးစေ့တစ်နေရာရာတွင် အလုံးအဖုတွေ့ခြင်း ဖြစ်သည်။ နာကျင်ခြင်း၊ ပုံမှန်မဟုတ်သောခံစားမှု၊ မာကျောခြင်း၊ အလုံးအဖုတွေ့ခြင်း သို့မဟုတ် ဝှေးစေ့တစ်လုံးလုံး ချက်ခြင်းကြီးလာခြင်းတို့ တွေ့ရှိခံစားရပါက သေချာစွာ စမ်းသပ်စစ်ဆေးမှုခံယူရန် ဆရာဝန်နှင့်အမြန်ဆုံးပြသပါ။

ဝှေးစေ့ကင်ဆာ၏ အခြားဖြစ်လေ့ရှိသော လက္ခဏာများမှာ - 
· ဝှေးစေ့များရောင်ရမ်းခြင်း သို့မဟုတ် မနာကျင်သောအလုံးအဖု။ စောစီးစွာတွေ့ရှိပါက အလုံးအဖုသည် ဂေါ်လီလုံးငယ်အရွယ်သာဖြစ်ပြီး မသိရှိခဲ့ပါက အရွယ်ကြီးသွားနိုင်သည်။ 

  • ဗိုက်အောက်ပိုင်း သို့မဟုတ် ပေါင်းခြံတွင် နာကျင်ကိုက်ခဲမှုရှိခြင်း
  • ကပ်ပယ်အိတ်တွင်း ပုံမှန်မဟုတ်သော သို့မဟုတ် ရုတ်တရက်အရည်စုခြင်း 
  • ရင်သားတွင် နာခြင်း၊ ရုတ်တရက်ခံစားမှုဖြစ်ခြင်း သို့မဟုတ် ကြီးထွားလာခြင်း။ အချို့သော ဝှေးစေ့အလုံးအဖုများမှ ရုတ်တရက်ဟော်မုန်းများထုတ်သည့်အခါ အမျိုးသားများတွင် ရင်သားကြီးထွားလာသည်။ 
  • ခြေထောက်ရောင်ရမ်းခြင်းနှင့် သွေးကြောထုံးခြင်း 
  • ကျောအောက်ဖက်ပိုင်း၊ ရင်ဘတ်တို့တွင် နာကျင်ပြီး အသက်ရှုမဝခြင်း။

ဝှေးစေ့ကင်ဆာအတွက် ပြုလုပ်နိုင်သောကုသမှုများ

ခွဲစိတ်မှုမှ ကီမိုဓါတုဆေးပေးသည်အထိ ဝှေးစေ့ကင်ဆာကုသသည့် ထိရောက်သောကုသမှုအမျိုးအစားများစွာ ရှိပါသည်။ ဝှေးစေ့ဖြတ်ထုတ်ခြင်းသည် ဝှေးစေ့ကင်ဆာကုသမှုအတွက် အလုံးအဖုတွေ့လျှင်ပြုလုပ်ရသည့် စံကုထုံးဖြစ်သည်။ ထိုသို့ခွဲစိတ်ရာတွင် အလုံးအဖုရှိနေသောဝှေးစေ့အပါအဝင် သုတ်ကြိုးတစ်ခုလုံးကိုပါ ဖြတ်ထုတ်ရသည်။ 

ထိုသို့ ခွဲစိတ်ပြီးပါက ကင်ဆာအဆင့်ပေါ်မူတည်ပြီး ဆရာဝန်မှ အောက်ပါကုသမှုများထဲမှ တစ်ခုခုကိုရွေးချယ်ပါမည်။

ခွဲစိတ်ခြင်း
  •  ဝမ်းတွင်းနောက်ပိုင်းမှ ပြန်ရည်ကျိတ်များခွဲထုတ်ခြင်း  – ကင်ဆာဆဲလ်များသည် အနီးအနားရှိ ပြန်ရည်ကျိတ်ဂလင်းများသို့ ပျံ့နှံ့နေသည်ဟု ဆရာဝန်မှယူဆပါက ယခုခွဲစိတ်မှုကို ပြုလုပ်ပါမည်။ ယခုအခြေအနေတွင် ကင်ဆာရှိသော ပြန်ရည်ကျိတ်များကို ထုတ်ပစ်ဖို့ လိုပါသည်။ ယခုခွဲစိတ်မှုသည် ရှုပ်ထွေးပြီး ပြန်ရည်ကျိတ်များကိုဖယ်ရှားနိုင်ရန် ဝမ်းဗိုက်ခွဲဖို့လိုပါသည်။ 

အချို့လူနာများတွင် ဗိုက်မခွဲရပဲ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း ပြုလုပ်နိုင်ပါသည်။ မှန်ပြောင်းဖြင့်ခွဲသည့်အခါ ဆရာဝန်သည် ခွဲကြောင်းရာအသေးလေးပေးကာ အလင်းပါသောမှန်ပြောင်းအသေးလေးအား ထည့်သွင်းပါမည်။ သေးငယ်သောဗီဒီယိုကင်မရာလေးအား မှန်ပြောင်းအဆုံးတွင် တပ်ထားသဖြင့် ဆရာဝန်သည် လူနာ၏ဝမ်းဗိုက်အတွင်းပိုင်းကို မြင်နေရသည်။ ထို့နောက် ဆရာဝန်မှ ရှည်လျားသောခွဲစိတ်ကိရိယာကိုထည့်ပြီး ကင်ဆာရှိသောပြန်ရည်ကျိတ်များကို ဖယ်ရှားပါမည်။ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းကြောင့် လူနာသက်သာနှုန်းမြန်ပြီး မကြာခင်ဆေးရုံဆင်းနိုင်သည်။ 

ဓါတ်ရောင်ခြည်ကုထုံး 
  • အတွင်းပိုင်းမှရောင်ခြည်ပေးကုထုံး – ယခုကုထုံးတွင် ရေဒီယိုသတ္တိကြွပစ္စည်းများအား ကင်ဆာရှိနေသောနေရာ သို့မဟုတ် အနီးသို့ထည့်သွင်းရသည်။ 
  •  ပြင်ပမှရောင်ခြည်ပေးကုထုံး – ယခုကုထုံးတွင် ခန္ဓာကိုယ်ပြင်ပမှ ကင်ဆာရှိသောနေရာသို့ ဓါတ်ရောင်ခြည်ထုတ်လွှတ်နိုင်ရန်  စက်တစ်ခုလိုအပ်သည်။ 
ကီမိုဓါတုကုထုံး

ကီမိုဓါတုကုထုံးသည် ကင်ဆာဆဲလ်များကိုသတ်ခြင်း သို့မဟုတ် ထပ်မပွားအောင်တားဆီးခြင်းပြုလုပ်ပေးသည့် သမရိုးကျကင်ဆာကုထုံးတစ်ခုဖြစ်သည်။ ကီမိုအား သောက်ဆေးဖြစ်စေ၊ အကြောဆေး၊ အသားဆေးထိုးခြင်းဖြစ်စေ ပေးနိုင်ပါသည်။ ကီမိုသည် သွေးတွင်းဝင်ရောက်သွားသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကင်ဆာဆဲလ်များသို့ ရောက်ရှိနိုင်ပါသည်။ ကီမိုကုထုံးအား ကင်ဆာဖြစ်နေသောအင်္ဂါ သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွင်းသို့ တိုက်ရိုက်ထည့်ခြင်းဖြင့်လည်း ဆေးနှင့်ကင်ဆာဆဲလ်များတိုက်ရိုက်ထိတွေ့အောင် အချို့နေရာများတွင် ပြုလုပ်နိုင်ပါသည်။ ဆရာဝန်မှအကြံပြုမည့် ကီမိုအမျိုးအစားသည် ကင်ဆာအမျိုးအစားနှင့်အဆင့်ပေါ်မူတည်ပါသည်။ 

ဝှေးစေ့ကင်ဆာသည် အလေးထားရမည့်အခြေအနေဖြစ်သဖြင့် ရှက်စရာမလိုပါ။ စောစောသိလေလေ ပျောက်ကင်းနိုင်ချေ ပိုများလေလေဖြစ်သည်။ 


 Dr Charuspong Dissaranan, ဆီးလမ်းကြောင်းရောဂါအထူးကု၊ အမျိုးသားရောဂါကုဌာန၊ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရေးသားသည်။ 

 
IMG
IMG
IMG
IMG
    Scroll for more