Dr. Ngamjit Kasetsuwan သည် မျက်ကြည်လွှာကျန်းမာရေး နှင့် အတွင်းတိမ်ကုသမှု၊ အမြင်ပိုင်းဆိုင်ရာပြုပြင်ခွဲစိတ်မှုများတွင် နှစ်ပေါင်း ၃၀ ကျော်ခန့်အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများရရှိထားပြီးဖြစ်သည့် ကျော်ကြားသောမျက်စိအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ Chulalongkorn တက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့သော ဆရာဝန်တစ်ဦးအနေဖြင့် သူမ၏အရည်အချင်းများပိုမိုပြည့်ဝကောင်းမွန်စေရန် The University of Southern California တွင်ထပ်မံလေ့လာသင်ကြားခဲ့ပြီး အမြင်အာရုံတိုးမြှင့်ခြင်းနှင့် အသွင်ပြောင်းလဲခြင်းဆိုင်ရာ ခေတ်မီမျက်လုံးစောင့်ရှောက်ကုသမှုနယ်ပယ်တွင် ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့သည်။
ကျွန်ုပ်တို့ဘယ်သောအခါမှလျစ်လျူမရှုသင့်သည့် မျက်ကြည်လွှာထိခိုက်ပျက်စီးခြင်း၏ ကနဦးလက္ခဏာတွေကဘာတွေလဲ?
မျက်ကြည်လွှာကျန်းမာရေးဟုဆိုလျှင် ကျွန်ုပ်တို့အစဉ်အမြဲသတိပြုသင့်သည့် ကနဦးလက္ခဏာများ များစွာရှိသည်။ ၎င်းလက္ခဏာများတွင် အမြင်ဝေဝါးခြင်း သို့မဟုတ် ပုံရိပ်များမပြတ်သားခြင်း၊ မျက်လုံးနီခြင်း၊ နာကျင်ခြင်း သို့မဟုတ် အောင့်ခြင်း နှင့် မျက်လုံးထဲတွင်တစ်ခုခုရှိနေသည်ဟုခံစားရခြင်း အစရှိသည်တို့ပါဝင်သည်။ အချို့သောသူများတွင် မျက်ရည်အလွန်အကျွံထွက်ခြင်း၊ မျက်လုံးခြောက်ခြင်း သို့မဟုတ် Photophobia ဟုခေါ်သောအလင်းရောင်များကိုခံနိုင်ရည်မရှိခြင်း စသောလက္ခဏာများခံစားရနိုင်သည်။ စမ်းသပ်စစ်ဆေးသင့်သောလက္ခဏာတစ်ခုမှာ မျက်ကြည်လွှာပုံစံအနေအထားပြောင်းလဲလာခြင်း သို့မဟုတ် တိမ်ကဲ့သို့သောအဖြူရောင်အမျှင်များဖုံးအုပ်လာခြင်းပင်ဖြစ်သည်။ အကယ်၍သင့်အနေနှင့် ဤလက္ခဏာများထဲမှတစ်ခုခုကိုသတိပြုမိလျှင် ကျွမ်းကျင်သမားတော်ဆီမှ အကြံဉာဏ်များအမြန်ဆုံးရယူရန်အလွန်အရေးကြီးသည်။
အမြင်ပိုင်းဆိုင်ရာပြုပြင်ခွဲစိတ်မှုများက အမြင်အာရုံပိုမိုကောင်းမွန်စေရန်နှင့် ဘဝများကိုတိုးမြှင့်ပြောင်းလဲစေရန် ဘယ်လိုလုပ်ဆောင်ပေးသလဲ?
အမြင်ပိုင်းဆိုင်ရာပြုပြင်ခွဲစိတ်မှုများသည် မျက်ကြည်လွှာ၏ပုံသဏ္ဌာန်ကိုပြန်လည်ပြုပြင်ပေးခြင်း သို့မဟုတ် မျက်လုံးအတွင်းရှိသဘာဝမှန်ဘီလူးများကို အစားထိုးတပ်ဆင်ပေးခြင်းဖြင့် အမြင်အာရုံများကိုသိသိသာသာကောင်းမွန်လာစေသည်။ LASIK, ReLEx-SMILE နှင့် PRK စသောကုသမှုများတွင် မျက်ကြည်လွှာ၏ပုံသဏ္ဌာန်ကိုပြန်လည်ပြုပြင်ပေးခြင်းအပြင် မျက်လုံးအတွင်း Phakic Intraocular Lens ဟုခေါ်သောမှန်ဘီလူးများထည့်သွင်းပေးခြင်း သို့မဟုတ် အစားထိုးမှန်ဘီလူးများပြောင်းလဲတပ်ဆင်ပေးခြင်းစသော ခွဲစိတ်မှုများကိုပြုလုပ်၍ အလင်းဆုံမှတ်များကိုတိကျမှန်ကန်စေရန်ပြုပြင်ပေးခြင်းဖြစ်သည်။ ဤခွဲစိတ်ပြုပြင်မှုများသည် အမြင်အာရုံများကိုပိုမိုကောင်းမွန်စေပြီး မျက်မှန် နှင့် မျက်ကပ်မှန်များတပ်ဆင်ရခြင်းကိုလျော့နည်းစေသည် သို့မဟုတ် တပ်ဆင်ရန်မလိုအပ်တော့သည်အထိကုသပေးနိုင်သည်။
ဘယ်အချိန်မှာမျက်ကြည်လွှာအစားထိုးကုသဖို့လိုအပ်သလဲ? အမြင်အာရုံပြန်လည်ကောင်းမွန်မှုအခြေအနေဘယ်လိုရှိသလဲ?
မျက်ကြည်လွှာအလင်းပိတ်သွားသည့်အခြေအနေ သို့မဟုတ် ထိခိုက်ဒဏ်ရာနှင့်ရောဂါများကြောင့် မျက်ကြည်လွှာပုံပျက်သွားသည့်အခြေအနေများတွင် Keratoplasty ခေါ် မျက်ကြည်လွှာအစားထိုးကုသခြင်းပြုလုပ်ရန်လိုအပ်သည်။ Penetrating Keratoplasty ကုသနည်းတွင် မျက်ကြည်လွှာတစ်ခုလုံးကိုအစားထိုးကုသပြီး Lamellar Keratoplasty ဟုခေါ်သောနည်းလမ်းတွင် အချို့သောအလွှာများကိုသာအစားထိုးပြုပြင်သည်။ ကုသပြီးနောက်အမြင်အာရုံပြန်လည်ကောင်းမွန်ရန် တစ်နှစ်ခန့်ကြာမြင့်နိုင်ပြီး ထိုကာလအတွင်းအမြင်အာရုံပြောင်းလဲမှုများမတည်မငြိမ်ဖြစ်ခြင်း နှင့် မျက်လုံးနီခြင်း၊ နာခြင်း၊ အမြင်အာရုံပြောင်းလဲသွားခြင်းစသော အစားထိုးပစ္စည်းနှင့်ဓာတ်မတည့်သည့်လက္ခဏာများ၊ အန္တရာယ်များကိုခံစားရနိုင်သည်။ ကုသမှုရေရှည်အောင်မြင်ရန် ရက်ချိန်းပြန်လည်ပြသခြင်းနှင့် စစ်ဆေးမှုများပုံမှန်ပြုလုပ်ခြင်းက အလွန်အရေးပါသည်။
ကျန်းမာသောမျက်ကြည်လွှာနှင့် ကြည်လင်ပြတ်သားသောအမြင်အာရုံတို့ကို ထိန်းသိမ်းထားနိုင်ရန်အတွက် အကောင်းဆုံးအကြံပြုချက်တွေကဘာတွေဖြစ်မလဲ?
ကျန်းမာသောမျက်ကြည်လွှာတစ်ခုကိုထိန်းသိမ်းထားနိုင်ရန် အရှင်းလင်းဆုံးနည်းလမ်းမှာ အလေ့အကျင့်ကောင်းများထားရှိခြင်းဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်များမှကာကွယ်ပေးနိုင်သော နေကာမျက်မှန်များတပ်ဆင်ရန်၊ မျက်ခွံများကိုသန့်ရှင်းစွာထားရှိရန် နှင့် ဒဏ်ရာအနာတရများမဖြစ်ပွားစေရန် မျက်လုံးအားကြမ်းတမ်းစွာပွတ်ခြင်းတို့မပြုလုပ်ရန်လိုအပ်သည်။ မျက်လုံးများအားစိုက်ရခြင်းကိုလျှော့ချရန် ဖုန်းနှင့်ကွန်ပျူတာအသုံးပြုချိန်များကိုသတ်မှတ်ခြင်း၊ ဆီးချိုကဲ့သို့သော ခန္ဓာစနစ်ပျက်စီးစေသည့်ရောဂါများမဖြစ်ပွားစေရန် ကျန်းမာသောနေထိုင်မှုအလေ့အထများကိုထိန်းသိမ်းလိုက်နာခြင်း၊ မျက်လုံးနှင့်ပတ်သက်သောရောဂါများဖြစ်ပွားနိုင်ချေကိုလျော့ကျစေရန် ဆေးလိပ်ဖြတ်ခြင်း စသောအလေ့အထများကိုလည်းပြုလုပ်သင့်သည်။ ပုံမှန်မျက်လုံးစမ်းသပ်စစ်ဆေးမှုများကိုခံယူခြင်းဖြင့် ရောဂါပြဿနာများကိုစောစီးစွာသိရှိနိုင်ပြီး သင်၏မျက်လုံးကျန်းမာရေးကိုရေရှည်ကောင်းမွန်စေနိုင်သည်။
For more information please contact:
Last modify: մարտի 28, 2025