bih.button.backtotop.text

လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ခြင်း

လည်ပင်းနှင့်လည်ပင်းပတ်လည်တွင်နာကျင်ခြင်းသည် လူအများတွင် ဖြစ်လေ့ဖြစ်ထရှိပါသည်။ အကယ်၍ နာကျင်မှုသည် ပုခုံး၊ လက်သို့ရောက်ရှိသွားခြင်း သို့မဟုတ် ချိနဲ့ခြင်း သို့မဟုတ် ထုံကျင်ခြင်းဖြစ်ပါက ပြဿနာအရင်းခံသည် ကျွံထွက်နေသော ရိုးဆက်ချပ်ပြားဝိုင်း သို့မဟုတ် အရိုးအတက်မှ အာရုံကြောမကြီး သို့မဟုတ် အာရုံကြောအရင်းကို ဖိမိနေခြင်းကြောင့်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ဆေးဆိုင်မှဆေးဝယ်သောက်ခြင်းစသော ပြုလုပ်နေကျကုထုံးများဖြင့် မရတော့ပါက ပြန်လည်ကောင်းမွန်ပြီး ဝေဒနာသက်သာစေရန် အချို့လူနာများတွင် ခွဲစိတ်မှုသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ခွဲစိတ်မှု ဆိုသည်မှာဘာလဲ။

အရှင်းဆုံးဆိုရလျင် လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ခွဲစိတ်မှုဆိုသည်မှာ ပြဿနာရှိပြီး နာကျင်နေသော ရိုးဆက်ချပ်ပြားဝိုင်းကိုဖယ်ရှားပြီး ချပ်ပြားဝိုင်းအတုဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။ ခွဲစိတ်နေစဉ် ခွဲစိတ်ဆရာဝန်အနေဖြင့် အရိုးအတက်များကိုပါ ဖယ်ရှားပြီး ရိုးဆက်ချပ်ပြားဝိုင်းနေရာလပ်ကို ကျယ်အောင်လုပ်ကာ အာရုံကြောများနှင့် အာရုံကြောအရင်းပိုင်းတို့အပေါ်ဖိမိနေခြင်းမှ လွတ်သွားအောင်ပြုလုပ်နိုင်သည်။ ပုံမှန်အားဖြင့် ခွဲစိတ်ဆရာဝန်သည် လည်ပင်းရိုးဆစ်များကိုတွေ့ရန် လည်ပင်းရှေ့ဘက်မှခွဲခြင်းဖြင့် ပြဿနာဖြစ်နေသည့်နေရာကို ပိုမိုမြင်ရပါသည်။ ရိုးဆက်ချပ်ပြားဝိုင်းဖြတ်တောက်ခြင်းနှင့် အရိုးဆစ်တွယ်ဆက်ခြင်းတွင်လည်း လည်ပင်းရှေ့ပိုင်းမှခွဲပါသည်။
 
အစားထိုးမည့် ရိုးဆက်ချပ်ပြားဝိုင်းအတုသည်လည်း သဘာဝချပ်ပြားဝိုင်းကဲ့သို့အလုပ်လုပ်နိုင်ပြီး ကပ်လျက်ရှိသောအရိုးဆစ်နှစ်ခုကြား ဒဏ်ခံပစ္စည်းတစ်ခုအနေဖြင့်လုပ်ဆောင်ပေးကာ ပုံမှန်လှုပ်ရှားမှုနီးပါးကိုလည်း ရနိုင်ပါသည်။ အဆိုပါလုပ်ဆောင်ချက်များကို မူလအခြေအနေအတိုင်းထိန်းသိမ်းထားသဖြင့် ခွဲထားသည့်နေရာ၏အထက်နှင့်အောက်ရှိ အရိုးဆစ်များပျက်စီးနိုင်ခြေ အတော်ကိုလျော့နည်းသွားပေမည်။
 
လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ခွဲစိတ်မှုသည် နည်းလမ်းအသစ်ဖြစ်ပြီး ရေရှည်တွင် အကျိုးသက်ရောက်မှု သို့မဟုတ် အန္တရာယ်ရှိမရှိကိုသိရှိရန် စမ်းသပ်မှုများစွာ ပြုလုပ်နေဆဲဖြစ်သည်ကို သိထားရန် အရေးကြီးပါသည်။ လက်ရှိတွေ့ရှိချက်များအရ လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့် ခွဲစိတ်မှုသည် ရိုးဆက်ချပ်ပြားဝိုင်းဖြတ်တောက်ပြီး အရိုးဆစ်တွယ်ဆက်ခြင်းနှင့်ယှဉ်လျှင် သာပြီးမကောင်းသည့်တိုင် နာကျင်မှုထိန်းချုပ်ခြင်းနှင့် ခွဲပြီးနောက်ဆက်တွဲပြဿနာရှိခြင်းတို့အရ ကြည့်မည်ဆိုလျှင် ကောင်းသောကုသနည်လမ်းတစ်ခု ဖြစ်ပါသည်။
 
ရိုးဆက်ချပ်ပြားဝိုင်းဖြတ်တောက်ပြီး အရိုးဆစ်တွယ်ဆက်ခြင်းနှင့် လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ခြင်း
နှစ်ကာလများစွာကပင် အရိုးဆစ်တွယ်ဆက်သည့်ခွဲစိတ်မှုသည် လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းရောဂါရှိသောသူများအတွက် အကောင်းဆုံးခွဲစိတ်ကုသနည်းအဖြစ် သိရှိခဲ့ကြသည်။ ဤခွဲစိတ်မှုတွင် ပြဿနာဖြစ်ပြီးနာကျင်နေသော ရိုးဆက်ချပ်ပြားဝိုင်းကိုဖယ်ရှားကာ ကပ်လျက်ရှိသောအရိုးဆစ်နှစ်ခုအား အစားထိုးအရိုးနှင့် သတ္တုပြားများထည့်၍တွယ်ဆက်ခြင်း ဖြစ်သည်။ ယခုနည်းလမ်းသည် ရောဂါလက္ခဏာပျောက်ကင်းရေးအတွက် အလွန်အကျိုးရှိသော်လည်း လည်ပင်းလှုပ်ရှားမှုအနည်းငယ် ခက်ခဲနိုင်သည်။ ထို့အပြင် ဆက်ထားသောအရိုးဆစ်၏ အထက်နှင့်အောက်ရှိ ရိုးဆက်ချပ်ပြားဝိုင်းများတွင် နောက်ပိုင်း၌ ပြဿနာများရှိလာနိုင်သည်။ အကြောင်းမှာ ထိုအဆစ်များသည် ဆက်ထားသောနေရာအတွက် ဒဏ်ပိုခံရခြင်းနှင့် လှုပ်ရှားမှုပိုလုပ်ရခြင်းတို့ကြောင်းဖြစ်သည်။ နောက်ပိုင်း ထိုအဆစ်များအတွက် ကုသရခြင်း သို့မဟုတ် ခွဲစိတ်ရခြင်းပင် ဖြစ်လာနိုင်သည်။
 
လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ခြင်းသည် အောက်ပါပြဿနာများကိုဖြေရှင်းရန် အတွက်ဖြစ်သည်။ ချပ်ပြားဝိုင်းအတုသည် ဒဏ်ထိန်းပစ္စည်းအဖြစ်ကော၊ လည်ပင်းလှုပ်ရှားမှုကို ထိန်းသိမ်းထားသည့်အရာအဖြစ်ကော ပြုလုပ်ပေးနိုင်သည်။ သီအိုရီအရ ချပ်ပြားဝိုင်းအတုကြောင့် ကပ်လျက်အရိုးဆစ်များဒဏ်ဖြစ်ခြင်းကို လျော့နည်းစေပြီး နောက်ပိုင်း လည်ပင်းပိုင်းတွင် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများကိုလည်း လျော့နည်းစေသည်။ ဤခွဲစိတ်မှုမှ နာလန်ထချိန်သည်လည်း တိုတောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် အစားထိုးအရိုး မလိုသည့်အတွက် ဖြစ်ပါသည်။ အစားထိုးအရိုးလုံးဝပုံမှန်အတိုင်းဖြစ်ဖို့ ၃ လမှ ၁ နှစ် ကြာတတ်ပါသည်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်သော ခွဲစိတ်မှုလည်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ထားသောလူနာသည် နောက်ပိုင်းတွင် ချပ်ပြားဝိုင်းအတုကိုဖယ်ထုတ်ကာ ကပ်လျက်အရိုးဆစ်နှစ်ခုကို တွယ်ဆက်နိုင်ပါသေးသည်။ အခြားတစ်ဖက်မှကြည့်မည်ဆိုလျှင် အရိုးဆစ်တွယ်ဆက်မှုပြုလုပ်ထားသည့်လူနာသည် ရိုးဆက်ချပ်ပြားဝိုင်းအတုထည့်၍မရတော့ပါ။
 

လည်ပင်းအရိုးဆစ်ရောဂါရှိသူ အတော်များများသည် ရောဂါလက္ခဏာများပျောက်စေရန် ခွဲစိတ်စရာမလိုအပ်ပါ။ ခွဲစိတ်ဖို့လိုသောလူနာသည် လည်ပင်းအလွန်အကျွံနာခြင်း၊ ထုံကျင်ခြင်း၊ ပုခုံးနှင့်လက်ထိတိုင် ထုံကျင်အားနည်းခြင်းခံစားနေရသူ ဖြစ်ရပါသည်။ လူနာအားလုံးနီးပါးသည် ရောင်ရမ်းမှုသက်သာစေသည့်ဆေးဝါးများသုံးစွဲခြင်း၊ လေ့ကျင့်ခန်းကုထုံး၊ ကျောရိုးဆေးထိုးခြင်းစသည်တို့ဖြင့် ၄-၆ ပတ်လောက်ကုသပြီး မထူးခြားသည့် သူများဖြစ်ရပါမည်။
လည်ပင်းရိုးဆက်ချပ်ပြားဝိုင်းအတုထည့်ပြီးနောက် နာလန်ထူခြင်းသည် မြန်ပါသည်။ လူနာအတော်များများသည် ခွဲပြီးနာရီပိုင်းအနည်းငယ်တွင်ပင် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း ပြုလုပ်နိုင်ပြီး ခွဲသည့်နေ့ သို့မဟုတ် နောက်တစ်နေ့နံနက်တွင် ဆေးရုံဆင်းနိုင်ပါသည်။ အချိန်တိုတစ်ခုအတွင်း တားမြစ်ထားသည့်လှုပ်ရှားမှုများရှိပါသည်။ သို့သော်လည်း လူနာအများစုသည် ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်း ပုံမှန်လုပ်နေကျအရာများ ပြုလုပ်နိုင်ပါသည်။ ခွဲထားသည့်ခွဲကြောင်းနေရာတွင် အနည်းငယ်နာတတ်ပါသည်။ သို့သော် တဖြည်းဖြည်းပျောက်သွားပါမည်။

Related conditions

Doctors Related

Related Centers

ကျောရိုးရေးစင်တာ

လေ့လာရန်

အရိုးအထူးကုစင်တာတွင်

လေ့လာရန်

Related Packages

Rating score 9.33 of 10, based on 3 vote(s)

Related Health Blogs